Gym ကစားမလား၊ အိမ်မှာ လေ့ကျင့်ခန်းလုပ်မလား
လေ့ကျင့်ခန်းလုပ်ခြင်းက ကျား၊ မ အသက်အရွယ်မရွေး စိတ်နဲ့ခန္ဓာ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရှိစေသလို အသက်ကိုလည်း ရှည်စေနိုင်တဲ့အတွက် လူသားတိုင်း မဖြစ်မနေ လေ့ကျင့်ခန်းလုပ်သင့်တယ်လို့ ဆရာဝန်တွေက ပြောကြတာဖြစ်ပါတယ်။ ဒါဆို လေ့ကျင့်ခန်းလုပ်ဖို့ Gym သွားဖို့ လိုသေးလားလို့ မေးစရာဖြစ်လာပါတယ်။
Gym မှာ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကောင်းကျိုးတွေအနေနဲ့
- ကိုယ့်ရဲ့တစ်နေ့တာ Routine မှာ လေ့ကျင့်ခန်းလုပ်တာကိုပါ ထည့်ပေါင်းလို့ ရတယ်။
- နည်းပြဆရာနဲ့ စနစ်တကျ လေ့ကျင့်ခန်းလုပ်နိုင်တယ်။
- လေ့ကျင့်ခန်းလုပ်တဲ့အခါ စက်ကိရိယာအစုံအလင်ကို အသုံးပြုနိုင်တယ်။
- ကိုယ့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ လေ့ကျင့်ခန်း type တွေကို သေချာသိနိုင်တယ်။
- Body Measurement အတိအကျကို စက်နဲ့ တိုင်းတာစစ်ဆေးနိုင်တယ်။
- လေ့ကျင့်ခန်းကို ပုံသေသွားစရာမလိုတဲ့အတွက် ခန္ဓာကိုယ်က လေ့ကျင့်ခန်းဒဏ်ကို ပိုခံနိုင်ရည်ရှိလာတယ်။
- ကိုယ့်လိုပဲ ဝါသနာတူတဲ့ မိတ်ဆွေတွေ ရလာနိုင်တယ်။
ဆိုးကျိုးတွေကို ကြည့်မယ်ဆိုရင်
- ဟန်ပြအနေနဲ့ Gym လာကစားတဲ့သူပေါင်းများစွာကို မြင်ရနိုင်တယ်။
- ကိုယ်ရွေးချယ်လိုက်တဲ့ နည်းပြဆရာက သေချာမသင်ပေးနိုင်တဲ့အခါ ထိရောက်မှုနည်းတယ်။
- စက်ကိရိယာ၊ အဝတ်လဲခန်း၊ ရေချိုးခန်းကို လူအများနဲ့ စုပေါင်းအသုံးပြုနေတာဖြစ်လို့ အရေပြားပြဿနာတွေ ကူးစက်ဖို့ လွယ်တယ်။
- လူတွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့အခါ ကိုယ့်လေ့ကျင့်ခန်းတစ်ခုတည်းကို အာရုံစိုက်ဖို့ ပိုခက်ခဲသွားတယ်။
- အလုပ်များတဲ့သူတွေဆိုရင် Gym သွားဖို့အတွက် အချိန်သက်သက်ပိုကုန်တယ်။
- ပိုက်ဆံပိုကုန်နိုင်ပါတယ်။
ဒီတော့ တခြားရွေးချယ်စရာအနေနဲ့ ကိုယ့် နေအိမ်မှာပဲ အလွယ်တကူ လေ့ကျင့်ခန်းလုပ်မလား၊ Gym မှာလိုမျိုး စက်ကိရိယာတွေကို အိမ်မှာ ဝယ်တပ်မလား၊ ဒါမှမဟုတ် အပေါင်းအဖော်နဲ့ ကိုယ့်အနီးပတ်ဝန်းကျင်မှာ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလုပ်ပေးလို့ ရပါတယ်။ နေအိမ်နဲ့ အနီးပတ်ဝန်းကျင်မှာ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ့်ရဲ့စိတ်က လေ့ကျင့်ခန်းလုပ်ဖို့ထက် သက်သောင့်သက်သာ နေချင်တဲ့ စိတ်ဆန္ဒတွေ ဝင်လာတတ်တာကြောင့် ဒါကို သေချာထိန်းချုပ်ဖို့တော့ လိုအပ်ပါတယ်။ Gym ပဲဖြစ်ဖြစ်၊ ကိုယ့်နေအိမ်မှာပဲဖြစ်ဖြစ် လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတဲ့အခါ
၁။ ခန္ဓာကိုယ်က ကြံ့ခိုင်သန်မာလာပြီး ကိုယ်ခန္ဓာအချိုးအစား ပိုကြည့်ကောင်းလာမယ်။
၂။ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာသလို စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုကိုလည်း ပိုတိုးတက်စေတယ်။
၃။ စိတ်ဖိစီးမှုကို လျှော့ချပေးပြီး အာရုံစူးစိုက်နိုင်စွမ်း အားကောင်းလာစေတယ်။
၄။ အဝတ်အစားဝတ်တဲ့အခါ ပိုကြည့်ကောင်းလာပြီး Fit ဖြစ်လို့ ခပ်မိုက်မိုက်ဖြစ်နေတဲ့ ခံစားချက်ကို ရစေတယ်။
၅။ ညဘက်တွေမှာ ကောင်းစွာအိပ်ပျော်နိုင်အောင် ကူညီပေးတယ်။
၆။ ကိုယ့်ရဲ့ကျန်းမာရေးကို အရင်ကထက်ပိုပြီး ဂရုစိုက်တတ်လာတယ်။
၇။ အစားအသောက်ဟာ ကိုယ့်ရဲ့ လေ့ကျင့်ခန်းနဲ့ ခန္ဓာကိုယ်အပေါ် အများကြီးသက်ရောက်မှုရှိမှန်း သိလာတဲ့အတွက် ချင့်ချိန်ပြီး စားသောက်တတ်လာမယ်။
၈။ ကျန်းမာရေးနဲ့ ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေတဲ့ အကျင့်တွေကို ရှောင်တတ်လာမယ်။
၉။ နှလုံးကျန်းမာစေပြီး ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကောင်းစေပါတယ်။
၁၀။ လိင်စိတ်ဆန္ဒ ပိုမြင့်တက်လာသလို လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်လည်း ပိုအားကောင်းလာပါတယ်။
၁၁။ အချိန်ယူပြီး ကြိုးစားအားထုတ်လို့ ရလာတဲ့ အသီးအပွင့်ကို ပိုခံစားတတ်လာမယ်။
၁၂။ တီထွင်ဖန်တီးနိုင်စွမ်းကို မြင့်တက်စေတယ်။
၁၃။ သက်လုံကောင်းပြီး အမောခံနိုင်စေတယ်။
၁၄။ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို လျင်မြန်စွာ ဖြစ်ပျက်စေလို့ အရွယ်တင်နုပျိုပြီး ကျန်းမာစေတယ်။
၁၅။ ပျော်ရွှင်ခြင်းဟော်မုန်းနဲ့ လိင်ဟော်မုန်းတွေ ပိုမိုထုတ်လုပ်လာနိုင်စေတယ်။
၁၆။ အသက်ရှည်စေနိုင်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ ကျန်းမာရေးအတွက် ကောင်းကျိုးရှိတဲ့ လေ့ကျင့်ခန်းလုပ်တဲ့ အလေ့အကျင့်ကို စောစီးစွာ မွေးမြူထားတာ အကောင်းဆုံးဖြစ်မှာပါ။
ရဲမျိုးမြတ်